အစစ်နှင့်ခွဲမရအောင်တူသော မျက်တောင်အတု တပ်ဆင်နည်း။


မျက်ဝန်းတစ်စုံဟာ ပန်းတစ်ပွင့်ဆိုရင် မျက်တောင်မွှေးများဟာ ပွင့်ချပ်လေးတွေဖြစ်ပါတယ်။ ပွင့်ချပ်လေးတွေအာနေမှ ပန်းပွင့်လေးဟာ လှပနိုင်သလို မျက်တောင်လေးတွေ ကော့ပြီး ရှည်နေမှ အလှပဆုံး မျက်ဝန်းတစ်စုံကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ရှေးဘ၀က ဆုတောင်းကောင်းခဲ့လို့ မျက်တောင်မွှေးထူထူ ရှည်ရှည် ပိုင်ဆိုင်ကြတဲ့ ပျိုမေတွေအတွက်တော့ ဒီမျက်တောင်မွှေးလေးတွေကို  မှန်ကန်သင့်တော်သော မျက်တောင်ကော့ဆေးကို သုံးရုံနှင့်သာ မျက်ဝန်းအလှပြီးပြည့်စုံစေပေမယ့် ကဗျာတို့လို မျက်တောင်မွှေးပါးသောသူများ၊ မျက်တောင်မွှေးတိုသောသူများအတွက်တော့ ဘယ်လောက်ကောင်းတဲ့ မျက်တောင်ကော့ဆေးဖြစ်ပါစေ ထိထိရောက်ရောက် မကူညီနိုင်ပါဘူး။

ဒီနေရာမှာ မိန်းကလေးတော်တော်များများဟာ မျက်တောင်မွှေးထူချင် လှချင် ကော့ချင် ကြလို့

  • မျက်တောင်မွှေး ညှပ်ခြင်း
  • မျက်တောင်မွှေး ကောက်ခြင်း
  • မျက်တောင်မွှေး extension တပ်ခြင်း

တို့ကို ငွေကုန်ကြေးကျခံကာ စွန်စွန့်စားစား ပြုလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ ငွေကုန်လူပန်ပန်းတဲ့အပြင် အခန့်မသင့်ရင် ကိုယ့်မျက်တောင်မွှေးအစစ်တွေကို ပါထိခိုက် ပျက်စီး စေနိုင်ပါတယ်။

တကယ်တော့ မျက်တောင်ကော့ဆေးကြော်ငြာ ထဲက စွဲမက်စရာ မျက်တောင်မွှေးတွေဟာ အစစ်နဲ့ ခွဲမရအောင်တူတဲ့ မျက်တောင်တုကို ကျွမ်းကျင်စွာတပ်ဆင် ထားခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကိုယ့်ရဲ့ မျက်တောင်အစစ်ကိုလည်း မထိခိုင်စေဘဲ ငွေကုန်ကြေးကျလည်း အရမ်းမများစေရဘဲ ရွှေမြန်မာမလေးတွေရဲ့ မျက်ဝန်းလေးတွေ လှသထက်လှနိုင်စေဖို့ မျက်တောင်အတု တပ်ဆင်အသုံးပြုနည်း ကို အကြံပြုရေးသားလိုက်ပါတယ်။

မျက်တောင် တပ်နည်းကို မပြောခင်မှာ အလွန်အရေးကြီးသော ပထမအဆင့် အဖြစ် မှန်ကန်သော မျက်တောင် တု တစ်စုံ ရွေးချယ်ခြင်း၊  မျက်တောင်ကော် ရွေးချယ်ခြင်း နှင့် ကိရိယာ ပြင်ဆင်ခြင်း ကို အရင်ဖော်ပြချင်ပါတယ်။

False Eye Lashes မျက်တောင်တု ရွေးချယ်ခြင်း


Quality ကောင်းတဲ့ မျက်တောင်အတုတစ်စုံဟာ မျက်တောင်အစစ်နဲ့ ခွဲမရအောင် တူပါတယ်။ Quality ကောင်းတဲ့ မျက်တောင်တုတွေဟာ ဘယ်လိုမျိုးတွေလဲဆိုရင်
၁) တကယ့်အမွှေးအစစ်နီးပါးနူးညံ့သော အမွှေးနှင့်ပြုလုပ်ထားသော မျက်တောင်တု
၂) အမွှေးအစစ် နှင့်ပြုလုပ်ထားသော မျက်တောင်တု
၃) အမွှေးအဖျားတွေဟာ ညီညီညာ ညာ ဖြစ်မနေပဲ အမွှေးအစစ်ကဲ့သို့ မညီမညာ ဖြစ်နေသော မျက်တောင်တု
၎) အမွှေးရဲ့ အရင်းတွေဟာ  ပါးမျှင်သော အမျှင်နှင့် ပြုလုပ်ထားသော မျက်တောင်တု
တို့ဖြစ်ပါတယ်။  အခုပြောပြသွားတဲ့ မျက်တောင်တွေကတော့ မျက်တောင်အတန်းလိုက် တစ်ခါတည်းတပ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။
မျက်တောင် တစ်ချောင်းချင်းစီ တပ်လို့ရတဲ့ Individual eyelashes တွေဟာလည်း အစစ်နဲ့ ခွဲမရအောင် တူပါတယ်။ သူတို့ ကို အသုံးပြုမယ်ဆိုရင်တော့ တစ်ချောင်းချင်းစီ ညီညာစွာတပ်ဖို့  အချိန် ပိုပေးရပါတယ်။ အတန်းလိုက်ကတော့ ပိုလွယ်ပါတယ်။

ှQuality မကောင်းတဲ့ မျက်တောင်အတုတစ်စုံဟာ မျက်တောင် အတုမှန်းသိသာစေပြီး ပိုအရုပ်ဆိုးစေသလို မျက်တောင်ကော် ပြန်ကျွတ်တာလည်းလွယ်စေပါတယ်။ ဘယ်လို မျက်တောင်တုမျိုးတွေလဲဆိုရင်
၁) အမွှေးတစ်ချောင်းချင်းစီကို ကော်ချောင်းပါးပါးလေး တွေနှင့်ပြုလုပ်ထားသော မျက်တောင်တု (ဘယ်လောက်ပဲ ပါးပါး ကော်ဟာ မာနေပါတယ်။)
၂) အမွှေးရဲ့ အရင်းဟာ ထူထူမာမာ တောင့်နေသော ကော်မျှင်နှင့် ပြုလုပ်ထားသော မျက်တောင်တု
၃) အမွှေးရဲ့ အဖျားတွေ ဟာ အလွန် ညီညာပြီး ထူပိန်းနေသော မျက်တောင်တု
တို့ ဖြစ်ပါတယ်။ ဒီလို မျက်တောင်မွှေးတွေဟာ အတုမှန်းသိသာစေလို့ ရှောင်သင့်ပါတယ်။

Eye Lashes Glue မျက်တောင်ကော် ရွေးချယ်ခြင်း
Quality ကောင်းတဲ့ မျက်တောင် ကော်ဟာ မျက်တောင်တုကို ကြာရှည်စွာ စွဲကပ်စေသည့်အပြင် အစစ်နှင့်ခွဲမရအောင် တူဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ကော်ရွေးချယ်ခြင်းဟာ ၀ယ်သုံးပြီးမှသာ ကောင်းမကောင်းသိနိုင်တာမို့  နာမည်ရှိပြီးသား မျက်တောင်ကော်အမျိုးအစားတွေကို သာ သုံးဖို့ အကြံပြုချင်ပါတယ်။
ဥပမာ DUO Eyelash Adhesive, LashGrip Eyelash Adhesive, Mac Eyelash Adhesive.

Quality ကောင်းတဲ့ မျက်တောင်ကော်တွေရဲ့ အရည်အသွေးတွေကတော့
၁) ကော်ဗူးကို အဖုံးပိတ်ထားလျှင် အထဲတွင် ခဲမသွားစေသော ကြာကြာသုံးလို့ရသော ကော်
၂) အရည်မှာ မကျဲမပြစ် အနေအထား ရှိသော ကော်
၃) မျက်တောင်တုကို ပြန်ချွတ်ရာတွင် မျက်ခွံကို မနာကျင်စေပဲ အလွယ်တကူ ခွာနိုင်သော ကော်
၎) ကော်ကို မျက်တောင် အရင်းမှာ သုတ်ပြီးပါက အခြောက်မြန်သောကော်
၅) သုံးပြီးသွားသော မျက်တောင်တုရဲ့ အရင်းမှ  ကော်ခြောက်များ ဟာ မျက်တောင်တုကို မပျက်စီးစေပဲ ပြန်ခွာလို့ ရစေသော ကော် ( မျက်တောင်တုကို တစ်ကြိမ်ထက်ပိုပြီး သုံးလို့ရစေနိုင်ပါတယ်။)
တို့ ဖြစ်ပါတယ်။  မျက်တောင်ကော်အရောင် အကြည်၊ အဖြူ နှင့် အမည်း သုံးမျိုးရှိရာမှာ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီ ဆိုသလိုပဲ ကိုယ်နဲ့ အဆင်ပြေတဲ့အရောင်အမျိုးမျိုးဖြစ်နိုင်လို့ သုံးကြည့်ပြီးတော့သာ စိတ်ကြိုက်ရှာဖွေကြည့်ပါနော်။

မျက်တောင်တု တပ်ရန်ကိရိယာပြင်ဆင်ခြင်း
မျက်တောင်တု တစ်စုံနှင့် ကော်အပြင် ထပ်မံ ပြင်ဆင်ရမယ့်ကိရိယာများကတော့
၁) မျက်တောင် အတုကို ကိုယ့်မျက်လုံးအရွယ်အစားနှင့် ကွက်တိဖြစ်အောင် တိုင်းတာ ပြီး ရှည်နေတာကို ဖြတ်တောက် ပစ်ဖို့ ကတ်ကြေး အသေးစား
၂) မျက်တောင်ကို ကိုယ်တွယ်ပြီး နေရာတကျ တပ်ဆင်နိုင်တဲ့ ဇာဂနာ (သို့) မျက်တောင်မွှေး ကိုင် ကိရိယာ
၃) မျက်တောင် ကော့စေသော ညှပ်


၎) eyeliner နှင့် မျက်တောင်ကော့ဆေး mascara

ကဲ အားလုံး ပြင်ဆင်ပြီးပြီ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒုတိယအဆင့် မျက်တောင်အတုကို တပ်ဆင်ကြရအောင်။

 

အဆင့် ၁) ။           ။မျက်တောင်အတု ဘယ်နှင့်ညာကို မှန်ကန်စွာ ခွဲပါ။ ကိုယ့်မျက်ခွံပေါ်မှာ အစမ်းတပ်ကြည့်ပြီး ရှည်နေရင် မျက်တောင်အစွန်ဘက်က ဖြတ်တောက်ပါ။ မျက်တောင်တုဟာ မျက်တောင်အစစ်တွေလိုပဲ အရင်းဘက်မှာ  အတိုလေးတွေ ဖြစ်နေရာကနေ အစွန်ဘက်မှာတော့ ပိုရှည်လာတဲ့ ပုံစံရှိပါတယ်။ ဖြတ်တောက်မယ်ဆို အတိုတွေဘက်ကမဖြတ်ပဲ အရှည်ဘက်ကသာ ဖြတ်ရပါတယ်။ ဒါမှ အစစ်နှင့်ခွဲမရအောင်တူမှာပါ။

အဆင့် ၂) ။           ။  eyeliner ကို မျက်တောင်နှင့် ကပ်နေအောင်ဆွဲပါ။ (တကယ်လို့ သင်ဟာ eyeliner ကောင်းကောင်းမဆွဲတတ်ရင် ဒီအဆင့်ကို ကျော်လိုက်ပါ။ မျက်တောင်အတုရဲ့ အရင်းက အမည်းရောင်အလွှာဟာ eyeliner နှင့်တူပြီးသားဖြစ်ပါတယ်။)

အဆင့် ၃) ။           ။ ကိုယ့် မျက်လုံး အရွယ်နှင့် အညီ ဖြတ်တောက် ထားပြီးတဲ့ မျက်တောင် အတု တစ်ဖက်ကို ယူပြီး ကော်ကို မျက်တောင်အရင်း တစ်လျှောက် ပါးပါးလေး သုတ်လိမ်းပါ။

  • ကော်ကို တစ်နေရာမှာ အစက်ချပြီး မျက်တောင်အရင်းကို အပေါ်မှ ဖြတ်သုတ်ပြီးလိမ်းလို့ရပါတယ်။
  • တချို့ သောကော်တွေက လက်သည်းဆိုးဆေးလို brush လေးနဲ့ လိမ်းလို့ရပါတယ်။
  • brush မပါလည်း တုတ်တံမှာ ကော်ကိုအရင်သုတ်ပြီး မှ မျက်တောင်တုပေါ် ဖြတ်လိမ်းလို့လည်းရပါတယ်။
  • ကော်ဗူးအ၀ကနေ အသာလေး ညှစ်ပြီး လိမ်းလို့လည်းရပါတယ်။

ဒီနေရာမှာ ကော်ထူထူလိမ်းမှ ခိုင်တယ်ထင်တတ်ကြပါတယ်။တကယ်တော့ ကော်ထူသွားရင် အခြောက်ခံရခက်ပြီး အလွယ်တကူကျွတ်ထွက် နိုင်ပါတယ်။ မထူမပါး သုတ်လိမ်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

အဆင့် ၄) ။           ။ ကော်ကို ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ အခြောက်ခံပါ။ စေးကပ်ကပ်ဖြစ်သွားမှာသာ မျက်ခွံပေါ်တင်လို့အဆင်ပြေနိုင်လို့ဖြစ်ပါတယ်။

အဆင့် ၅) ။           ။ ကော်စေးကပ်သွားတဲ့ အနေအထားရပြီဆိုရင် ဇာဂနာ (သို့) မျက်တောင်မွှေးကိုင် ကိရိယာ နှင့် ညှပ်ပြီး မျက်ခွံပေါ်တင်ပါ။ ကိုယ့် မျက်တောင် မွှေးအစစ်နှင့် ကပ်နိုင်သမျှကပ်ပြီး တစ်ထပ်တည်းကျအောင် နေရာချပါ။ အခက်ဆုံးနှင့် လက်ပေါက်အကပ်ဆုံး အဆင့်ဖြစ်သော်ငြားလည်း အရှေ့ က ကြိုတင်ပြင်ဆင်မှု (မှန်ကန်သောမျက်တောင်၊ ကော် ရွေးချယ်ခြင်း နှင့် ကိုယ့်မျက်လုံးဆိုဒ်နှင့်လိုက်ဖက်ညီအောင် ညှပ်ထားခြင်း) ကောင်းကောင်းလုပ်ခဲ့မယ် ဆိုရင် ဒီအဆင့်ဟာ လွယ်ကူပါလိမ့်မယ်။ ဇာဂနာက တင်ပေးရုံသာ အသုံးပြုပြီး  ခြောက်သွေ့နေတဲ့ လက်ချောင်းလေးတွေကသာ နေရာကျအောင် ချပေးနိုင်ပါတယ်။ ဒီနေရာမှာ မှန်နဲ့ နီးကပ်စွာကြည့်ဖို့လည်းလိုအပ်ပါတယ်။

အဆင့် ၆) ။           ။မျက်တောင်တုကို စိတ်တိုင်းကျ တပ်ဆင်ပြီးရင်တော့ ကိုယ့်ရဲ့ မျက်တောင်အစစ်တွေနှင့် ရောသွားအောင် မျက်တောင်ကော့ညှပ်နှင့် အားလုံးအတူတူရော ကော့ပြီး  မျက်တောင်ကော့ဆေးလိမ်းပါ။

ကဲဒီလိုဆို ပျိုမေတို့ ရဲ့ မျက်တောင်မွှေး ထူထူရှည်ရှည် ပိုင်ဆိုင်ချင်တဲ့ အိပ်မက်တွေ ပြည့်စုံလာပါလိမ့်မယ်။

 

ပိုမို အထောက်အကူပေးနိုင်ဖို့ ရဲ့ How to apply False  Lashes ဆိုတဲ့ Video လေးကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

Pixiwoo ရဲ့ video လေးကိုလည်း ဒီနေရာမှာကြည့်နိုင်ပါတယ်။

 

ရွှေBeauty ကို ဖတ်ရှုအားပေးသော ပရိတ်သတ်များ မင်္ဂလာကျက်သရေ အပေါင်းနှင့် ခညောင်းပါစေ…

ကဗျာ။

Kabyar

About Kabyar