အလှအပရေးရာ တိုတိုထွာထွာ ၂ (ခြောက်သွေ့ သော ဆံပင် နှင့် အဆီပြန်သော အသားအရည်)

အမေး:

http://shwebeauty.com မှ တဆင့် အဆီပြန်တဲ့ မျက်နှာနဲ့ ခြောက်သွေ့နေတဲ့ ဆံပင်အတွက် အကူအညီတောင်းရှင်လို့ပါ..
ကျမ မျက်နှာက အရမ်းအဆီပြန်တာမို့ ဖြစ်နိုင်ရင် အကြံညဏ်ပေးစေရှင်ပါတယ်.. သူငယ်ချင်းတွေ အကြံပေးလို့ Toner လည်း သုံးပါတယ်..
လောလောဆယ်တော့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တယ်..
ပီးတော့ အဆီပြန်သူတွေ အတွက် ထုတ်ထားတဲ့ Toner ကိုသုံးတယ်..
Body Shop က အဆီပြန်သူတွေ အတွက် ထုတ်ထားတဲ့ ခရမ်ကို သုံးတယ်..
maybelline က အဆီပြန်သူတွေ အတွက် ထုတ်ထားတဲ့  မိတ်ကပ်ကို သုံးတယ်..
ဒါပေမယ့် အဆီပြန်တာ လျော့ မသွားပါဘူး.. ရုံးမှာ အဆီစုပ် တစ်ရှုးသုံးသုံးနေရတယ်..
ဖြစ်နိုင်မယ်ဆိုရင် ဘယ်ဟာက ပစ္စည်းမျိုးတွေကို သုံးပီး ဘယ်လို ထိန်းသိမ်းရင် အဆီပြန်တာ သက်သာမယ်ဆိုတာ ပြောပြပေးပါရှင်…
မနေ့ကတော့ FaceShop မှာ မျက်နှာပေါင်းတင်ဆေးသွားကြည့်တာ.. ဘယ်ဟာကို ၀ယ်ရမယ် မသိတာနဲ့ မ၀ယ်ဖြစ်ခဲ့ပါဘူး..

နောက်တစ်ခုက ဆံပင်ပေါ့.. ဆံပင်က ကုန်သွားနဲ့ နှစ်က ဆေးဆိုးပီး ကောက်လိုက်တာ အခုတော့ တော်တော်ကို အခြေအနေဆိုးသွားပါတယ်..ဆံပင်တွေက ခြောက်ပီ အရမ်းကို ဖွာလန်နေပါတယ်..
အဲဒါကိုလည်း ဘယ်လို ပြုပြင်ထိန်းသိမ်းရမယ်ဆိုတာ အကြံလေးပေးပေးပါရှင်..

ကျေးဇူးတင်ပါတယ်..

 

အဖြေ:

shweBeauty ကို စာရေးဆက်သွယ်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

၁) ခြောက်သွေ ပျက်စီ့းတဲ့ ဆံပင်အတွက် moisturizer ပါတဲ့ conditioner ကိုသုံးစေချင်ပါတယ်။ shiseido က conditioner နဲ့  hair mask က လည်းကောင်းပါတယ်။

အကောင်းဆုံးကတော့ မြန်မာ့ ရိုးရာ လည်းဖြစ်တဲ့  အုန်းဆီကို ခေါင်းမလျှော်ခင် နာရီဝက် (သို့ ) တစ်နာရီလောက် ကြိုလိမ်းထားနိုင်ပါတယ်။  အုန်းဆီထည့်ထားရင်တော့ ဆီပြောင်အောင် ခေါင်းကို နှစ်ခါလောက်ပြန်လျှော်ရပါလိမ့်မယ်။ အုန်းဆီသုံးပြီး တစ်လလောက်ကြာရင် ဆံပင်ပိုသန်စွမ်းလာတာ၊ အရောင်ပိုတောက်လာတာ၊ ဆံသားမခြောက်တော့တာကို သိသိသာသာ သတိပြုမိလာပါလိမ့်မယ်။ အုန်းဆီစစ်စစ်ကို မြန်မာပြည်က ပြန်မှာနိုင်သလို၊ ကလားဈေး (little india) မှာလည်း လွယ်လွယ်ကူကူ ဝယ်နိုင်ပါတယ်။ shampoo ကို ဆံပင်ထဲ တိုက်ရိုက် မထည့် ပဲ ခွက်တခုထဲမှာ ရေနည်းနည်း နဲ့ အရင်ဖျော်ပြီးမှ လျှော်ရင် ဆံပင်ကျွတ်ခြင်း၊ခြောက်သွေ့ ခြင်းနဲ့  ဆံသားပျက်စီးခြင်းတို့ ကို သက်သာစေပါတယ်။ ခေါင်းကို အများဆုံး တရက်ခြား တခါသာ လျှော်သင့်ပါတယ်။ ခေါင်း ခဏခဏ လျှော်ခြင်း က လည်း ဆံပင်ခြောက်ခြင်း၊ ဆံသားပျက်စီးခြင်း တို့ ကို ဖြစ်စေပါတယ်။

၂) အဆီပြန်တဲ့ မျက်နှာအတွက်မှာတော့ ပထမဆုံးသတိထားရ တာက မျက်နှာသစ် ဆပ်ပြာဖြင့် ခဏခဏ မျက်နှာ မ,သစ်ဖို့ ပါ။ မျက်နှာသစ် ဆပ်ပြာများကြောင့် အသားအရည်ခြောက်ခန်းလာတဲ့ အခါ မျက်နှာရဲ့ PH Balance ကို ညှိဖို့  အဆီတစ်မျိုးကို သဘာဝအရထုတ်လိုက်ပါတယ်။ အဲဒီအဆီက အဆီပြန်မှုကို အများဆုံး ဖြစ်စေပါတယ်။ မျက်နှာသစ်ဆပ်ပြာ ကို အများဆုံး မနက် နဲ့  ည နှစ်ကြိမ်သာသုံး ပြီး တခြားအချိန်တွေမှာ ရေနဲ့ ပဲသစ်ပေးပါ။ makeup နဲ့  skincare တွေကို ရွေးတဲ့အခါ cream type ကိုရှောင် ပြီး Lotion အ၇ည် ကို ရွှေးပါ။ cream က အဆီကို အခြေခံပြီး၊ lotion တွေက ရေ ကိုအခြေခံ ထုတ်ပါတယ်။

အဆီပြန်တဲ့ အသားအရည်ကို သိသိသာသာ သက်သာအောင် ‘CYCLAX’ တံဆိပ် ‘Lavender & Tea Tree’ Clarifying Face Mask ကို သုံးကြည့် ပါ။ London က ထုတ်တာ ဖြစ်ပြီး  ‘Robinsons’ မှာဝယ်နိုင်ပါ တယ်။ S$ 5 ဝန်းကျင်သာပေးရ ပေမယ့် အဆီပြန်တတ်သူတွေအတွက် တကယ်ကိုကောင်းတဲ့ mask ပါ။ ရွှံ့  (mud) အမျိုးအစား mask မို့  လိမ်းပြီး ၅ မိနစ်ခန့် ကြာရင် ခြောက်စပြုပြီး မာလာပါတယ်။ အဲဒီအချိန်မှာ စကားပြောခြင်း၊ ရယ်ခြင်း များက အသားအရည်တွန့် ခြင်းကို အားပေးနိုင်တာမို့  တတ်နိုင်ရင် mask လိမ်းထားတုန်း ၁၅ မိနစ်ခန့် မှာ ငြိမ်ငြိမ်သက်သက်ထိုင်ပြီး တရားမှတ်နေတာ အကောင်းဆုံးပါပဲ။ ၁၅မိနစ်ခန့် နေပြီး မျက်နှာတစ်ခုလုံး ခြောက်လာရင်၊ ရေ နွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး သုံးနေကျ toner နဲ့ skincare များကို အရင်လိုပဲသုံးနိုင်ပါတယ်။ မျက်နှာအသားကြမ်းသူများ နဲ့ ဖုရှိသူများလည်း ဒီ Cyclax mask ကို သုံးနိုင်ပါတယ်။ အနည်းငယ်ပြင်းတာမို့  တပတ်တခါ ထက်တော့ ပိုမသုံးသင့်ပါဘူး။ တခြားရက်တွေမှာ အခြား အပျော့စား mask တွေကို သုံးနိုင်ပါတယ်။ faceshop က Lemon mask ကလည်း အသားကို ကြည်စေပြီး အဆီပြန်တတ်သူတွေအတွက်လည်း သင့်တော်ပါတယ်။

 

တနေ့ ထက်တနေ့ ပိုပို လို့ လှနိုင်ပါစေ။

 

ကျေးဇူးတင်စွာဖြင့်

ဒီးဒီးလွင်

shweBeauty Team

deedeelwyn

About deedeelwyn